ဆောင်းရာသီ နှာရည်ယိုတာကို သက်သာစေမယ့် နည်းလမ်းများ
အေးမြတဲ့ရာသီမှာ နှာရည်ယိုခြင်းက အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ဗိုင်းရပ်စ် ဒါမှမဟုတ် ပြင်ပအရာဝတ္ထုတစ်ခုခု ခန္ဓာကိုယ်ထဲဝင်လာတဲ့အခါမှာ နှာခေါင်းကနေ အချွဲအကျိတွေကို စတင်ထုတ်လုပ်ပေးပြီး ဒီအချွဲတွေက ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ပြင်ပပစ္စည်းတွေကို ဖမ်းယူဖို့ ကြိုးစားပါတယ်။ ဒါ့ကြောင့်ပဲ နှာရည်ယိုခြင်း စဖြစ်လာရတာပါ။
နှာရည်ယိုခြင်းက ခန္ဓာကိုယ်ကိုကာကွယ်ပေးတဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုဆိုပေမယ့် နှာရည်ယိုတဲ့အခါ ခံရခက်တာ၊ ခေါင်းကိုက်တာတွေ ဖြစ်တတ်တာကြောင့် အိမ်တွင်းကုထုံးတွေနဲ့ ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုတာ ပြောပြချင်ပါတယ်။
(၁) အနားယူပါ
နှာရည်ယိုခြင်းဖြစ်နေချိန်မှာ ခန္ဓာကိုယ်က လုပ်ငန်းတွေ ပိုလုပ်နေရတာဖြစ်လို့ အနားယူပေးဖို့ လိုပါတယ်။ အအေးခံလွန်းတာ၊ ပင်ပင်ပန်းပန်း အလုပ်လုပ်တာတွေက ခန္ဓာကိုယ်ကို ထိခိုက်စေသလို တခြားရောဂါတွေလဲ အလွယ်တကူ ဝင်နိုင်ပါတယ်။
(၂) အရည်များများသောက်ပါ
ဒီလို နှာရည်ယိုနေချိန်မှာ ခန္ဓာကိုယ်အတွက် ရေဓါတ်ပြည့်ဝနေဖို့ လိုပါတယ်။ ဒါ့ကြောင့် ရေ သို့မဟုတ် ရေနွေးကို များများသောက်ပေးဖို့ အရေးကြီးပါတယ်။
(၃) ရေနွေးငွေ့ရှုပါ
ရေနွေးငွေ့ရှုတာဟာ အသက်ရှုလမ်းကြောင်းကို ပွင့်စေသလို နှာရည်ယိုတာနဲ့ နှာပိတ်တာတွေကို သက်သာစေပါတယ်။ အနံ့ပါပြီး သိပ်မပြင်းတဲ့ Essential Oil တစ်ခုခုကို ထည့်ပြီး ရှုပေးလို့လဲ ရပါတယ်။
(၄) နှာခေါင်းသန့်စင်ဆေးနဲ့ ဆေးပါ
Saline Nasal spray ဒါမှမဟုတ် Nasal Drops တစ်ခုခုနဲ့ နှာခေါင်းတစ်ဝိုက်ကို ဆေးပေးတာက သန့်စင်ပေးရာလဲ ရောက်သလို နှာရည်ယိုတာကိုလဲ သက်သာစေနိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းတစ်ခုပါ။
(၅) အလာဂျီဖြစ်တတ်တဲ့ အရာဝတ္တုများကို ရှောင်ပါ
တစ်ခါတစ်ရံမှာ နှာရည်ယိုခြင်း၊ နှာချေခြင်းက ဓါတ်မတည့်တဲ့ တစ်ခုခုနဲ့ ထိတွေ့မိချိန်မှာလဲ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဓါတ်မတည့်တာဖြစ်စေတဲ့ ပန်းဝတ်မှုန်၊ တိရစ္ဆာန်အမွှေး၊ ဖုန်မှုန့် စတာတွေနဲ့ မထိတွေ့မိဖို့ လိုပါတယ်၊
နှာရည်ယိုခြင်းက ကိုယ်ကနေလဲ တခြားသူကို ရောဂါကူးစက်ဖို့ အခွင့်အရေးများသလို တခြားသူဆီကနေလဲ အလွယ်တကူ ကူးစက်နိုင်တာကြောင့် သတိထားသင့်ပါတယ်။ အထူးသဖြင့် လက်မကြာခဏ ဆေးဖို့၊ အသုံးပြုပြီးသား တစ်ရှုးနဲ့ လက်သုတ်ပုဝါတွေကို သေချာရှင်းလင်းဖို့၊ နှာချေတဲ့အခါ တံတောင်ဆစ်အုပ်ပြီး ချေဖို့ စတဲ့ အချက်တွေကို လိုက်နာဖို့ လိုပါတယ်။
အခုပြောခဲ့တဲ့ နည်းလမ်းတွေက ဆောင်းတွင်း မကြာခဏ နှာရည်ယိုလို့ စိတ်ရှုပ်နေသူတွေအတွက်အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်နော်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)